ဒီးမော့ဆို ကျောက်ဆည်ကန် တိုက်ပွဲမှာ စစ်ကောင်စီတပ်သေဆုံးမှုများ၊ အရှင်နှစ်ဦး ဖမ်းမိပြီး လက်နက်များ ရရှိဟု ထုတ်ပြန်
မတ် ၆၊ ၂၀၂၂
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်မှ အရှင် ၂ဦး ဖမ်းမိကာ လက်နက်များ သိမ်းဆည်းရရှိခဲ့တယ်လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်က ဒီကနေ့ မတ်လ ၆ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကျောက်ဆည်ကန် ဒေသမှာ မနေ့ကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ မနေ့က အဲဒီ ကျောက်ဆည်ကန် တိုက်ပွဲအပါအဝင် ဒီးမော့ဆိုမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ခဲ့သလို ကျောက်ဆည်ကန် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင် ၂ဦးနဲ့ လက်နက်တွေ ရရှိခဲ့တာကိုလည်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ကျောက်ဆည်ကန် တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF ၊ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို ညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထိနာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကျောက်ဆည်ကန်ကနေ ဘုရားငုတ်တိုဖက်သို့ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။