ဒီးမော့ဆိုတိုက်ပွဲမှာ အထိနာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲပြီး အရပ်သားနေထိုင်ရာနေရာများကိုပါ တိုက်ခိုက်

ဒီးမော့ဆိုတိုက်ပွဲမှာ အထိနာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲပြီး အရပ်သားနေထိုင်ရာနေရာများကိုပါ တိုက်ခိုက်

မတ် ၈၊ ၂၀၂၂

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မြို့နယ်မှာ ယမန်နေ့က တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အရာရှိ အပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေနဲ့ ခရစ်ယာန်ဘုရား ကျောင်းတစ်ခု ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ကျောက်ဆည်ကန် နဲ့ ဒီးမော့ ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူလဲကျေးရွာမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာ ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီးမော့ဆို PDF၊ လွိုင်ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF) ၊ CTU နည်းပညာလက်ရုံးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ KNDF၊ KA၊ KGZ၊ GZ- 21 နဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မနေ့က မတ်လ ၇ရက် တိုက်ပွဲမှာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု များပြားခဲ့သလို ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်အချို့ထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ အထိနာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ နေ့လည် (၁၂)နာရီ ခန့်မှစပြီး ရဟတ်ယာဉ် (၂)စီး၊ တိုက်လေယာဉ်(၂)စီးနဲ့ ၁၅ကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း၊ ညပိုင်းမှာလည်း တိုက်လေ ယာဉ် ၁စီးနဲ့ ၃ကြိမ်ခန့် ဗုံးကြဲခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ယနေ့နံနက် အစောပိုင်း ၂နာရီအချိန်ခန့်မှာ တိုက်လေယာဉ် ၁စီးနဲ့ အရပ်သား ပြည်သူတွေ ရှိနရာနေရာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း(၁)လုံး နဲ့ ပြည်သူလူထု နေအိမ်(၁၅)လုံးခန့် ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာနေတာကို တွေ့ရကြောင်းလည်း ဒီးမော့ဆို PDFက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကျေးရွာသူရွာသားတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ စတဲ့ အရပ်သားပြည်သူတွေသာ ခိုအောင်း နေတဲ့ ဆောင်ဒူကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်း ပင်ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.