ဒီနေ့ကျရောက်တဲ့ (၂၈)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့

ဒီနေ့ကျရောက်တဲ့ (၂၈)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့
◾️ CDM ကျောင်းသားတွေကို ပညာပို့ချနေတဲ့ ဆရာတွေ၊ ပညာရေးဝန်ထမ်းမဟုတ်ပေမယ့် တက်ကျွမ်းတဲ့ ပညာနဲ့ ပညာပို့ချ ပေးနေသူ အားလုံးကို အထူးလေးစားဂုဏ်ယူတယ်လို့ ဖော်ပြ
အောက်တိုဘာ ၅ ၊ ၂၀၂၂

ဒီနေ့ကျရောက်တဲ့ (၂၈)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က သဝဏ်လွှာပေးပိုလိုက်ပါတယ်။

သဝဏ်လွှာထဲမှာ ပြည်သူတွေက လက်မခံတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေကို တော်လှန်ကြရာမှာ ဆရာ၊ ဆရာမတွေ၊ ပညာရေးမိသားစုတွေ အပါအဝင် CDM ပြည်သူ့ဝန်ထမ်းတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်အင်အားက ကြီးမားတဲ့အရွေ့ကို အစပြုခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီနောက် အကြမ်းမဖက်ဘဲ တော်လှန်ခဲ့ရာမှ လက်နက်ကိုင်ပြီး တော်လှန်တိုက်ခိုက်ကြတဲ့အထိ ကျရာကဏ္ဍမှနေပြီးအကြမ်း ဖက် စစ်ကောင်စီကို အံတုခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ ပါဝင်မှုက အလွန်ပင် ဂုဏ်ယူဖွယ်ဖြစ်တယ် ဆိုတာနဲ့ တစ်ကမ္ဘာလုံး အနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းနေကြချိန်မှာ မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမတွေ ကမူ စစ်ကျွန်ပညာရေးအောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးအတွက် အသက်ပေး နေရဆဲပင် ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ ဖျက်ဆီးပစ်ခတ်မှုတွေကြောင့် နိုင်ငံအဝှမ်းရှိ ကျေးရွာအတော်များများ မီးဘေးသင့်ပြီး ပျက်စီးခဲ့ရသလို ပညာသင်ကြားနေကြရတဲ့ ကလေးသူငယ်တွေအနေနဲ့လည်း စာအုပ်နဲ့ခဲတံအစား အဝတ်ထုပ်ကိုကျောပိုးကာ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်ကလေးသူငယ်တွေရဲ့ ပညာရေးအတွက် CDM ဆရာ၊ ဆရာမတွေ၊ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေ၊ People Defence Force မှ ရဲဘော်တွေက တိုက်ပွဲများအကြားမှ စာသင်ကြားပို့နေကြတဲ့ ကိုယ်ထူကိုယ်ထ ယာယီ စာသင်ကျောင်း တွေလည်း များစွာရှိနေကြပြီလို့ဆိုထားပါတယ်။

အဲဒီ့စာသင်ကျောင်းတွေအနက် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ စစ်ဘေးရှောင်ကလေးငယ်တွေ စာသင်ကြားနေ ကြတဲ့ ယာယီစာသင်ခန်းကို ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်ခဲ့ရာ ကလေးငယ်တွေအသက် ဆုံးရှုံးခဲ့ရပြီး အချို့မှာ ကိုယ်လက်အင်္ဂါများပင် ဆုံးရှုံးခဲ့ရသလို ဒဏ်ရာရထားကြတဲ့ ကလေးသူငယ်တွေနဲ့ ဆရာ၊ ဆရာမတွေကို စစ်တပ်က အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်က မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာသင်ကြားမှု၊ သင်ယူမှု ပကတိ အခြေအနေများအနက် တစ်ခုဖြစ်တယ်လို့ CRPH က ထောက်ပြထားပါတယ်။

အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးတဲ့ စစ်ကျွန်ပညာရေးကို အယုံ အကြည်မရှိကြတာကြောင့် CDM လှုပ်ရှားမှုနဲ့ အာဏာရှင်ကို ပုန်ကန်ကြတဲ့၊ စစ်ကောင်စီကို တော်လှန်ရင်း မတရားဖမ်းဆီးခံရပြီး ထောင်ချခံနေရစေကာမူ အညံ့မခံဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်နေကြတဲ့၊ အကြမ်းဖက်စစ်တပ်ကို တန်ပြန်စစ်ဖြင့်ခုခံကြရာမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြတဲ့၊ တိုက်ပွဲတွေ အကြား စစ်ဘေးရှောင်ရင်း ကလေးငယ်တွေရဲ့ စဉ်ဆက် မပြတ်ပညာရေးအတွက် အားစိုက်ထုတ်ပြီး သင်ကြားပို့ချနေကြတဲ့ ဆရာ၊ ဆရာတွေအားလုံးနဲ့ ပညာရေးဝန်ထမ်း မဟုတ်ပေမဲ့လည်း တတ်စွမ်းတဲ့ပညာနဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေကို ပညာပို့ချပေးနေကြသူတွေ အားလုံးကို အထူးပင် လေးစားဂုဏ်ယူပါတယ်လို့ CRPH က ထုတ်ပြန်တဲ့ သဝဏ်လွှာထဲမှာ ဖော်ပြ ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.