ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ်မီးရှို့နေ

ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ်မီးရှို့နေ
ဖေဖော်ဝါရီ ၂ ၊ ၂၀၂၂

ချင်းပြည်နယ် ထန်တလန်မြို့က ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့လို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ အပါအဝင် အိမ်ခြေ ၉၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထန်တလန်စစ်ရှောင်များနေရာချထားရေးကော်မတီ Thantlang Placement Affairs Committee-IDPs ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေက ထန်တလန်မြို့က နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့တယ်လို့ TPAC-IDPs က ဖေဖော်ဝါရီ ၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၃၀နဲ့ ၃၁ ရက်မှာ လည်းမီးရှို့မှုတွေလုပ်ခဲ့သလို ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ အိမ်ခြေ ၉၄ အိမ် မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်တွေမီးရှို့လို့ထန်တလန်မြို့က နေအိမ်တွေ ပျက်စီးခဲ့တာကို အတည်ပြုလို့ရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ချင်းပြည်နယ်ကို စစ်ရေးအရ ဖိနှိပ်ဖို့၊ လူမျိုးရေး ဘာသာရေးအရ ဖိနှိပ်ဖို့နဲ့ ပြည်သူတွေ အကြောက်တရား ဖြစ်ပေါ်အောင် လုပ်ဆောင်ဖို့ အခုလို မြို့လုံးကျွတ်မီးရှို့တာ ပြည်သူလူထုတွေ အပေါ် ဖိနှိပ် အကြမ်းဖက်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆလိုင်းထက်နီကပြောဆိုထားပါတယ်။

ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းဒေသအသီးသီးမှာ ရှိတဲ့ ကာကွယ်ရေးတပ်တွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်သွားဖို့ အသင့်ပြင်ထားတယ်လို့လည်းသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့က နေအိမ်တွေကို ၂၀၂၁ စက်တင်ဘာလက စပြီး အကြိမ်ကြိမ်မီးရှို့ ဖျက်ဆီး ခဲ့လို့ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းအထိ အိမ်ခြေ ၈၄၁အိမ် မီးလောင် ပျက်စီးခဲ့ တယ်လို့ TPAC-IDPs က ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် လေးလကျော်ကာလအတွင်းမှာ စစ်ကောင်စီ တပ်တွေရဲ့ လက်ချက်ကြောင့် ထန်တလန်မြို့က အိမ်ခြေ ၉၀၀ ကျော်မီး လောင်ပျက်စီး ခဲ့ရပါတယ်။

မီးလောင်ခဲ့တဲ့ အိမ်ခြေတွေထဲမှာ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ နဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေလည်း ပါဝင်ခဲ့ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အပါအဝင် ထန်တလန်မြို့မှာရှိတဲ့ ဘာသာရေးအဆောက်အအုံ ၃၀ လုံးထက်မနည်းကို မီးလောင်တဲ့အထဲမှာ ပါသွားတယ်လို့ ဖော်ပြထားပါတယ်။

ထန်တလန်မြို့ခံတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုရန်ကြောင့် စက်တင်ဘာလ ကုန်ပိုင်းကစပြီး မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အများစုက မြန်မာ -အိန္ဒိယ နယ်စပ်မှာ ခိုလှုံနေတယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.