ဇူလိုင် ၂ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇူလိုင် ၂ ရက်တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
===============================

⚠️ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂၊ လေးဒေါင့်ကန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် လောင်စာဆီတင်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့၊ သထုံခရိုင် PDF တပ်ရင်း ၃ အဖွဲ့တို့က ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီ ၄၉ မိနစ်ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ရာ ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း သထုံခရိုင် PDF တပ်ရင်း ၃ က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ လက်နက်ခဲယမ်း၊ လောင်စာဆီတင်ယာဉ်တန်းသည် ယခုလက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် KNU တပ်မဟာ ၆ နယ်မြေရှိ ဥကရစ်ထခြေကုတ်စခန်းကို ပို့ဆောင်မည့် ယာဉ်တန်းဖြစ်ကြောင်း သထုံခရိုင် PDF တပ်ရင်း ၃ က ဆိုပါတယ်။ တိုက်ခိုက်မှုတွင် ကား ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်သား ထိခိုက်သေဆုံးစာရင်းကို မသိရှိရသေးကြောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

⚠️ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့ကြား ဇွန်လ ၂၆ ရက်နှင့် ၃၀ ရက်နေ့တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်နည်း ထိခိုက်သေဆုံးကြောင်း The Kokang က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၃၀ ရက်နံနက်တွင် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀၊ စကခ ရ လက်အောက်ခံ ခမရ ၃၃၆ နှင့် ခမရ ၂၁၆ စုစုပေါင်း အင်အား ၉၀ ကျော်ခန့်သည် MNDAA ရှိရာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး ညနေ ၃ နာရီခန့်မှ ၄ နာရီ ၂၅ မိနစ်အထိ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး MNDAA ဘက်မှ ၂ ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီ ၅၃ မိနစ်တွင် အင်အား ၈၀ ကျော်ပါသော တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၂၀ နှင့် MNDAA ကြား ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ဆိုပါတယ်။

⚠️ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားမှ ဒေါင့်ကြီးရွာဘက်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Guerrilla Warfare – K.P.K တပ်ဖွဲ့မှ သိရပါတယ်။ အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို ဒေကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ ကျွန်းတော အရောက်တွင် မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရပါတယ်။

⚠️ အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ် ဗြိဘ(အရှေ့)ရွာကို အကြမ်း ဖက် စစ်တပ်က ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်စီး နင်း မီးရှို့ဖျက်ဆီးပြီးနောက် ဗြိဘ(အနောက်)ရွာ အရောက်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရပါတယ်။

⚠️ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထလင်းရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို YDF တပ်ရင်း ၆၊ ၇၊ ၈၊ ၁၅ တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရှေ့ထွက်မိုင်းများ ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း YDF တပ်ရင်း ၁၅၊ ရွှေစွန်ညို က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်းခြောက်လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားများ ကစဥ့်ကလျားဖြစ်နေချိန် အပေါ်စီးမှ ပစ်ခတ်ခြင်းကြောင့် စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရှိရပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂ရက်စွဲ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
============================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁.၇. ၂၀၂၂) သောကြာနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၉ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၉ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.