ဇူလိုင် ၁၅ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇူလိုင် ၁၅ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==================================

⚠️ တနင်္သာရီတိုင်း၊ ရေဖြူမြို့ရှေ့ဖက်ကမ်း၊ နဝဒေးလမ်းရှိ ရေဖြူမြို့နယ်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအား ဇူလိုင် ၁၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေး‌ပူပေါင်းတပ်ဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ရှင်းလင်းလိုက်ကြောင်း တနင်္သာရီတိုင်းစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၏ ပြန်ကြားရေးက ပြောပါတယ်။ ထိုဖောက်ခွဲတိုက်ခိုက်မှုတွင် ရုံးအဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ၊ စရဖများ ထိခိုက်သေဆုံးမှုများရှိခဲ့‌ကြောင်း၊ ဖောက်ခွဲတိုက်ခံရသော စရဖရုံးထံသို့ ရေဖြူ‌နောက်ဖက်ကမ်းမှ စစ်ကား ၃ စီးဖြင့် စစ်ကူ‌လာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား(၂)စီးမှာရှေ့ဆက်မရဘဲ ပျက်စီးခဲ့ပြီးနောက် ကျန်(၁)စီးမှာ ပြန်လှည့်ပြေးခဲ့ကြောင်း သိရပါတယ်။ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပြီး အများအပြားထိ‌ခိုက်ဒဏ်ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များက နန်းထိုက်အောင်စစ်ဆင်ရေးများ ထပ်မံဖော်ဆောင်သွားရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သူများ၊ စစ်ကောင်စီ၏ ရုံး၊အဆောက်အအုံများနှင့် ကင်းကင်းနေရန် ပန်ကြားလိုကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ပြန်ကြားရေးက သတိပေးထုတ်ပြန်ထားပါတယ်။

⚠️ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီခန့်အချိန် ကင်းလှည့်ထွက်လာစဉ် တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆) တပ်ရင်း(၇) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်း တန့်ဆည်PDF ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုပါတယ်။
ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်သား ၁၄ ဦးကို အင်္ကုက္ကားရွာနှင့် အုတ်ဖိုအိုင်ရွာကြားတွင် တန့်ဆည်PDF ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ရာ ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ဦးသေ၊ ၄ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

⚠️ အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် သရက်ခုံရွာသို့ ဒုတိယအကြိမ် စ စ်ကြောင်းထိုးလာသော စစ်တပ်ကို ဇူလိုင်လ ၁၃ ရက်နေ့ လှည်းပွဲရွာသို့ အရောက် KLPDF တပ်ရင်း (၁)၊ ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် Secret Warrior(UG) ပူးပေါင်းတပ်များက တိုက်ခိုက်ကြောင်း Kawlin Revolution-KR ၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်များက လိုက်လံ ပစ်ခတ်တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကြောင်းသည် လှည်းပွဲရွာမှ မြောင်းကြီးရွာသို့ အကူး လမ်းတွင် PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း ကောလင်း ဒေသသတင်းရင်းမြစ် Kawlin Revolution-KR က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်နှင့် PDF တပ်ဖွဲ့များ၏ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး နှင့် PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း၊ ကျန် ၄ ဦး ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

⚠️ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၅ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
======================================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၄.၇. ၂၀၂၂) ကြာသာပတေးနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၁၆ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.