ဇူလိုင် ၁၃ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု

ဇူလိုင် ၁၃ ရက် တိုက်ပွဲသတင်းများ စုစည်းဖော်ပြမှု
==================================

⚠စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းတွင် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၃ ရက် နေ့အထိ အကြမ်းဖက် စစ်တပ်နှင့်PDF တပ်များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်သား ၄၂ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံး ခဲ့ကြောင်း ပြည်သူကာကွယ်ရေး တပ်ပေါင်းစုံ ပ.က.ဖ.(ကလေး)က သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ပြီး ကလေးတောင်ပိုင်း ဟားခါးလေးကျေးရွာ တစ်ဝိုက် ပြည်သူကာကွယ်ရေး တပ်ပေါင်းစုံ ပ.က.ဖ.(ကလေး)၊ PDF kalay၊ CNDF၊ CDF KKG၊ RKDF၊ UGF Kalay၊ ပူးပေါင်း တပ်များနှင့် အ​ကြမ်းဖက် စစ်တပ်တို့အကြား ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်တွင် စည်သာကျေးရွာ သီလရှင် ရိပ်သာ ကျောင်းဖက် အရောက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုနှင့်ထပ်မံ ရင်ဆိုင်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ် ဘက်မှ သေဆုံးမှုများပြားခဲ့တာပါ။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်း စစ်တပ်နှင့် PDF တပ်များအကြား နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှစ၍ ထောက်ကြန့် ကျေးရွာ တစ်ဝိုက်တွင် ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ မိုင်း ဆွဲခြင်း လက်နက်ကြီး လက်နက်ငယ်များအသုံးပြု တိုက်ခိုက် ချေမှုန်းခဲ့မှုတို့ကြောင့် စစ်တပ်ဘက်မှ ၄၂ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု ဘက်မှ ၂ ဦးကျဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု ဘက်မှ ပြန်လည် ဆုတ်ခွာ ခဲ့ကြောင်း သိရပါတယ်။

⚠ ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ ကားလမ်းတွင် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခလရ ၈ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းက ဇူလိုင်လ ၁၂ ရက် နံနက် ၈ နာရီမှ စတင်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး၊ လက်နက်အမြောက်အများ သိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီ-ဝေါလေ ကားလမ်း၊ သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြားတွင် အကြမ်းဖက်စစ်တပ် ခလရ ၈ စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာ စစ်ကြောင်းတို့ နံနက် ၈ နာရီမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကော်ဘရာ ရဲဘော် ၃ ဦး မစိုးရိမ်ဒဏ်ရာရကြောင်း သိရှိရပါတယ်။ နယ်မြေရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏စစ်အသုံးအဆောင် ပစ္စည်းများပြားစွာ သိမ်းဆည်းရမိကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

⚠ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းရွာအဝင် အများသုံးရေကန်ကြီး အနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို PDF သံတောင်က ဇူလိုင်လ ၁၂ ရက် နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၂၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း PDF သံတောင် က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဘောဂလိမြို့မှ သံတောင်မြို့သို့ ခြေလျင်ထွက်ခွာလာပြီး သံတောင်မှတဆင့် တောင်ငူမြို့ဘက်သို့ စစ်ယာဉ်တန်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကား ၂ စီးမှာ အခင်းဖြစ်ရာနေရာတွင် ပျက်စီးသွားပြီး မွန်းလွဲ ၃ နာရီတွင်မှ ပြန်လည် ဆွဲယူသွားကြောင်း သိရှိရပါတယ်။ ပျက်စီးသွားသည့်ကားကို လာရောက် ဆွဲယူသည့်အချိန်တွင် ထပ်မံတိုက်ခိုက်ခြင်းခံရပါက ပျားစခန်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မည်ဟု စစ်ကောင်စီ စစ်ကြောင်းမှူးတစ်ဦးက ပျားစခန်းရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း PDF သံတောင်က သတင်းထုတ်ပြန်ပါတယ်။

⚠ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ဇူလိုင်လ၁၃ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠
====================================

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။

သတင်းအချက်အလက်များအရ(၁၂.၇. ၂၀၂၂) အင်္ဂါနေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၂၂ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာဖြစ်ပွါးပေါ်ပေါက်လျက်ရှိပါတယ်။

မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.