ဇန်နဝါရီ ၃၁ တိုက်ပွဲသတင်းများစုစည်းဖော်ပြမှု
==========================
⚠️ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရန်အောင်စေတီတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၆ နာရီခွဲတွင် CDF ကန်ပက်လက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကြောင်း သတင်းရရှိပါတယ်။ ပစ်ခတ်တိုက် ခိုက်မှုသည် ၁ နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်ပါတယ်။
⚠️စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း Black Wolf-PDF က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၃၀ရက်နေ့ ညနေ ၆ နာရီ ၂၅မိနစ်အချိန် ရွှေဘိုတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို BLACK WOLF – PDF အဖွဲ့က ဒရုန်းတွင် ဗုံးသီးချိတ်၍ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ စစ်သားများ အထိအခိုက် အကျအဆုံး ရှိ နိုင်ကြောင်း သိရှိရပါတယ်။
⚠️တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲ ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ PDF အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ်ထဲက ခေါင်တိုင်ပြင်၊ မြင်းမတ်တပ်၊ ပိန္နဲချောင်း(ကုလားချောင်း)၊ မြေးခန္တီ၊ ဟာမြင်းကြီးရွာတွေကို ဇန်နဝါရီလ ၁၉ ရက်က စတင်ဝင်ရောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရက်ဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို PDF တွေဘက်က မိုင်းဆွဲတိုက်ခိုက်မှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။
PDF တွေဘက်ကတော့ ရဲဘော်နှစ်ဦးကျဆုံးပြီး ဒဏ်ရာရရှိသူတချို့ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ လက်ရှိအချိန်အထိ အဲဒီရွာတွေမှာရှိနေဆဲဖြစ်ပြီး ပြည်သူတစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။
⚠️အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ⚠️
========================================
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင် ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိပါတယ်။
သတင်းအချက်အလက်များအရ(၃၀. ၁. ၂၀၂၂) ရက်နေ့တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ဦး သေဆုံးပြီး
ထိခိုက်ဒဏ်ရာရရှိသူ – ၈ဦး
အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ ဖြစ်ပွါးပေါ်ပေါက် လျက်ရှိပါတယ်။
မြေပြင်မှာ ယခုတွေ့ရတဲ့သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွါးနိုင်ပါတယ်။