စစ်အာဏာရှင်ဖြုတ်ချရေးမှာ ပါဝင်ကြတဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြုကြောင်း NUGက ကုရ်ဗာနီအီးဒ်နေ့သို့ သဝဏ်လွှာပေးပို့ပြောကြား

စစ်အာဏာရှင်ဖြုတ်ချရေးမှာ ပါဝင်ကြတဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြုကြောင်း NUGက ကုရ်ဗာနီအီးဒ်နေ့သို့ သဝဏ်လွှာပေးပို့ပြောကြား
ဇူလိုင် ၁၀၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒီကနေ့ ကျရောက်တဲ့ အီဒွလ် အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ စိတ်စေတနာထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြတဲ့ အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြု ကြောင်းဖော်ပြခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၀ရက်ဟာ အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အရ “အီဒွလ် အဿွ်ဟာ” (ကုရ်ဗာနီအီးဒ်) နေ့မြတ်ဖြစ်ပါတယ်။

ဤနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း NUGက သဝဏ်လွှာပေးပို့ ဆုတောင်းပေးခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်တစ်ဦး အတွက် အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်ရဲ့သွန်သင်ချက်ကို ရိုသေစွာနာခံ လိုက်လျှောက်ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ရဲ့အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းရှိရန်မှာ တရားမျှတမှု လိုအပ်ကြောင်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

တရားမျှတမှု မတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုတာ မဖြစ်လာနိုင်တာကြောင့် စစ်မှန်သော ငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးစိုးပြီး နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်တွေကို လျစ်လျူရှုကာ၊ ဥပဒေမဲ့ လူမဆန်ရက်စက်စွာပြုကျင့်နေသမျှကာလပတ်လုံး စစ်မှန်သောလုံခြုံငြိမ်းချမ်းမှု ရရှိနိုင်မှာ မဟုတ်လို့ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် ရိုက်ချိုး ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမယ်လို့ NUGက သဝဏ်လွှာပေးပို့ ပြောကြားခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.