စစ်အာဏာရှင်ဖယ်ရှားနိုင်ဖို့လူမျိုးပေါင်းစုံကြိုးပမ်းနေချိန် ပအိုဝ်းပြည်သူများ ပါဝင်ဆင်နွှဲကြရန် PNFC ပန်ကြား
မတ် ၁၆ ၊ ၂၀၂၂
ပအိုဝ်းပြည်သူတွေ အနေနဲ့ ရောက်ရှိရာဒေသ ပါတီအဖွဲ့အစည်း နယ်ပယ် ကဏ္ဍ ပတ်ဝန်းကျင် အလွှာ အသီးသီးမှ နေ၍ လူမျိုးပေါင်းစုံ ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင်ချုပ်ငြိမ်းရေးမှာ ပူးပေါင်းပါဝင် ဆင်နွှဲကြဖို့ ပအိုင်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ပန်ကြားလိုက်ပါတယ်။
ယနေ့ မတ်လ ၁၆ရက် တပေါင်းလပြည့်နေ့မှာ ကျရောက်တဲ့ ၇၃နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ သို့ PNFCက သဝဏ်လွှာပေးပို့ခဲ့တာမှာ အခုလို ပန်ကြားလိုက်တာဖြစ်ပါတယ်။
၇၃နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ ကျရောက်တဲ့ အချိန်ဟာ ပြည်ထောင်စုကြီး တဝှမ်းလုံးမှာ အလွန်ကြေကွဲစရာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့နေရချိန်ဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူကို ရန်သူကဲ့သို့ ပြုမူဆောင်ရွက်တာ ၊ အရပ်သားနေအိမ်၊ ကျေးရွာ၊ ဘာသာရေး အဆောက်အဦ တွေ အပြင် အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်တာ၊ အစုလိုက် မီးရှို့သတ်ဖြတ်တာတွေကို စစ်ကောင်စီတပ်တွေက ကျူးလွန်ခဲ့ပါတယ်။
Covid-19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေတဲ့ ကာလအတွင်းမှာ စစ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပြီး အကျိုးဆက်အ နေနဲ့ တိုင်းပြည်ကျဆုံးပျက်စီးခန်း သို့ ကျရောက်တော့မယ့် အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရလျက်ရှိတယ်လို့ PNFCက ဆိုပါတယ်။
လက်ရှိ အထွေထွေအကြပ်အတည်း ပေါင်းစုံနဲ့ ပြဿနာပေါင်းစုံရဲ့ ဆုံချက် အရင်းအမြစ်ဟာ စစ်အာဏာ ရှင်စနစ်ဖြစ်တဲ့ အားလျော်စွာ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်ကိုမဆိုလှည်း နေလှေအောင်းမြင်းဇောင်းမကျန် ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ပြည်သူတွေက နည်းလမ်းပေါင်းစုံနဲ့ ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်တယ်လို့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုကြီး အတိဒုက္ခရောက်နေချိန်မှာ ပအိုဝ်းအမျိုးသားပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဘ၀တူ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူလက်တွဲပြီး စုပေါင်းရုန်းကန်ကြရမယ့် အချိန်ကာလဖြစ်တယ်လို့ PNFC က တိုက်တွန်းထားပါတယ်။
ပြည်ထောင်စုအရေးဟာ ပအိုဝ်းအရေးဖြစ်သလို ပအိုဝ်းအရေးဟာလည်း ပြည်ထောင်စုအရေးဖြစ်တယ်လို့ ခံယူရပ်တည်ကြရမယ့် အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ရင် ပအိုဝ်းပြည်သူတွေသာမက ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို ဖြစ်စေ၊ လူမျိုးတစ်မျိုးစီရဲ့ ကံကြမ္မာကို ဖြစ်စေ စစ်အာဏာရှင်စနစ်ကသာ ဖန်တီးနေမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတဲ့ နောက်မှာ ပြည်နယ်သစ်တွေ ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဆက်လက် ကြိုးပမ်းကြရမှာ ဖြစ်တယ်လို့လည်း PNFCက သဝဏ်လွှာပေးပို့ထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။