စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ကို လက်တွဲထူထောင်ကြမယ်လို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) က သဝဏ်လွှာမှာဖော်ပြ
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၂
ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် သမိုင်းဝင်ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်း အမှတ်နေ့ကို NUCC နဲ့ NUG တို့ ကျင်းပတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ကို လက်တွဲထူထောင်ကြမယ်လို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ၇၅ နှစ်မြောက်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြလိုက်တာပါ။
ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေ ရှင်သန်စေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ပါ အခြေခံမူတွေကို ရည်သန်လျက်၊ ဒီနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ (၇၅) နှစ် ပြည့်မြောက်သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်း အမှတ် အခမ်းအနားကို အမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က ကျင်းပမယ့်အပေါ် ဝမ်းမြောက်ဂုဏ် ယူကြောင်းနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ကို လက်တွဲ ထူထောင်ကြမယ်လို့ ကတိကဝတ်ပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ အလွန်အကျွံစစ်အင်အားနဲ့ ထိုးစစ်ဆင်တာကို နေ့စဉ်ရက်ဆက်ကျူး လွန်လျက်ရှိပြီး ပြည်သူတွေက ရရာနည်းလမ်းတွေက ခုခံတော်လှန်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် တည်ထောင်နိုင်ရန် ကြိုးပမ်းနေကြချိန် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရရှိပြီးချိန်မှစပြီး ပင်လုံစာချုပ်မှာ ပြည်ထောင်ဘက် ညီနောင်သားချင်းများ မျှော်လင့်ခဲ့ကြတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တစ်ရပ်အဖြစ် မည်သည့်အခါကမျှ ရပ်တည်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ လည်း ဆိုထားပါတယ်။
ခေတ်အဆက်ဆက်မှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် အနှစ်သာရကင်းမဲ့စွာ လှည့်စားကျင်းပလာခဲ့ကြပြီး ပကတိအရှိတရားမှာမူ ပင်လုံစာချုပ်ပါ ပင်လုံကတိကဝတ်တွေကို ဖြည့်ဆည်းရန်ပျက်ကွက်ခဲ့ကြပြီး ပြည်ထောင်ဘက်ညီနောင်သားချင်းများရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းစစ် ရှည်ကြာခဲ့ရတာလို့ ထောက်ပြထားပါ တယ်။
ဒါအပြင် ခေတ်အဆက်ဆက်မှာ အနှစ်သာရကင်းမဲ့တဲ့ ပြည်ထောင်စုနေ့တွေကို ကျင်းပခဲ့သော်လည်း ပြည်ထောင်ဘက် ညီနောင်သားချင်းများ လိုလားတောင့်တတဲ့ ဖက်ဒရယ်စနစ်ကိုမူ အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။