စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန် ဖိအားပေးခြိမ်းခြောက်ခံခဲ့ရကြောင်း နိုင်ငံတော်သမ္မတကြီးပြောကြား
၂၀၂၁ အောက်တိုဘာ ၁၃ ရက်
အာဏာသိမ်းသည့်နေ့ နံနက်မှာ ကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန်နှင့် နှုတ်မထွက်ပါက ပုဂ္ဂိုလ်ရေးထိခိုက်မှုများရှိနိုင်ကြောင်း ဖိအားပေးခြိမ်းခြောက်ခံခဲ့ရပြီး ကျန်းမာရေး ကောင်းမွန်သည့်အတွက် နှုတ်ထွက်မပေးနိုင်ကြောင်း သေလျှင်သေပါစေ စစ်တပ်ရဲ့ဖိအားပေးမှုကို လက်မခံနိုင်ကြောင်းသမ္မတကြီးဦးဝင်းမြင့်က ပြောကြားခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။
”ဦးဝင်းမြင့်ရဲ့ အဓိကထွက်ဆိုချက်ထဲမှာ (၁.၂.၂၀၂၁)နေ့ နံနက် ၅နာရီအချိန်လာရောက်ဖမ်းဆီးစဉ် ဦးဝင်းမြင့်အခန်းထဲကို ဗိုလ်ချုပ်ကြီးလား၊ ဒုတိယဗိုလ်ချုပ်ကြီးလားမသိ ၂ဦးဝင်လာတယ်တဲ့။ ဝင်လာပြီးတော့ ကျန်းမာရေးကောင်းမွန်တဲ့လူတယောက် ကျန်းမာရေးကို အကြောင်းပြပြီးတော့နှုတ်ထွက်ပေးဖို့ပြောတယ်တဲ့ သူ့ကို။ အဲ့ဒီအခါ သမ္မတကြီးက သူက ကျန်းမာရေး ကောင်းမွန်တဲ့အတွက်ကြောင့် နှုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ စစ်တပ်အရာရှိတွေက ဒီလိုငြင်းပယ်တာက သူ့ကိုများစွာထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့်လည်း သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်ရဲ့ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ဘူး” ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအ ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်သည်ဟု မတရားအမှုဆင်ကာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅(ခ) ဖြင့်စွပ်စွဲထားသည်။ ယင်းအမှုအတွက် အောက်တိုဘာ ၁၂ ရက်က နေပြည်တော်ကောင်စီဝင်းရှိ အထူးတရားရုံးတွင် သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုသည့်အခါမှာ သမ္မတဦးဝင်းမြင့်က ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။

