စစ်ကောင်စီအာဏာသိမ်းပြီး တနှစ်အတွင်း NLD အဖွဲ့ချုပ် အဖွဲ့ဝင် ၆၈၆ ယောက်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ယောက် ဖမ်းဆီးအကျဉ်းချခံရ

စစ်ကောင်စီအာဏာသိမ်းပြီး တနှစ်အတွင်း NLD အဖွဲ့ချုပ် အဖွဲ့ဝင် ၆၈၆ ယောက်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ယောက် ဖမ်းဆီးအကျဉ်းချခံရ

ဖေဖော်ဝါရီ ၁၊ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊ တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM တွေနဲ့ အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ဝင်တွေ ပါတီဝင်တွေကို အဓမ္မဖမ်းဆီးအကျဉ်းချ ညှဉ်းဆဲသတ်ဖြတ်မှု တော်တော်များများ လုပ်ခဲ့တာြဖစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့ ကောက်ယူရရှိတဲ့ စာရင်းတွေအရ အဖွဲ့ချုပ်အဖွဲ့ဝင်တွေထဲက ဖမ်းဆီးအကျဉ်းချခံရသူ စုစုပေါင်း (၆၈၆) ယောက်မှာ လွှတ်တော် ကိုယ်စားလှယ် (၁၀၇) ယောက် ပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုတွေကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁) ယောက် အပါအဝင်စုစုပေါင်း (၁၄) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

NLD ဗဟိုရုံးချုပ်အပါအဝင် ပါတီရုံးတွေ ဖောက်ခွဲဖျက်ဆီး မီးရှို့တာအပြင် ပါတီပိုင်ပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကိုခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယူဆောင်ခဲ့တာ အကြိမ်ရေ (၉၁) ကြိမ်ရှိပြီး၊ (၁၁၇) ယောက် ထက်မနည်း ပါတီဝင်တွေရဲ့ အိုးအိမ်၊ မြေနေရာ၊ တိုက်ခန်းတွေကို အကြောင်းအမျိုးမျိုးပြ ချိတ်ပိတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့အစိုးရတာဝန်ယူထားတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံး ပညာ သင်ယူနေတဲ့ ကျောင်းသား/ကျောင်းသူအရေအတွက် (၁၃)သန်းဝန်းကျင်နဲ့ ပညာရေး တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/ဆရာမ လေးသိန်းကျော် ပညာပို့ချနေပြီး အခုအာဏာသိမ်းထားတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း မိဘပြည်သူတွေနဲ့ ကျောင်းသား/ကျောင်းသူ (၉၀)ရာခိုင်နှုန်း၊ ဆရာ/ဆရာမ အရေအတွက် ထက်ဝက်ကျော်တို့မှာ စစ်ကောင်စီပညာရေးကို ယုံကြည်လက်ခံမှုမရှိတာကို တွေ့ရတယ်လို့ အဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းယူထားတဲ့ ကာလအတွင်း တနိုင်ငံလုံးမှာ ဥပဒေမဲ့မီးရှို့တာ ဖမ်းဆီးသတ်ဖြတ်တာတွေ တော်တော်များများဖြစ်ပျက်ခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ အကြိမ်ကြိမ်မီးရှို့ခံရမှုကြောင့် ဘာသာရေးအဆောက်အဦတွေ အပါအဝင် ပြည်သူ့အိုးအိမ် (၅၅၀) ကျော် ဆုံးရှုံးခဲ့တာြဖစ်ပါတယ်။

ဒါ့အပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ ကလေးငယ် ၄ ယောက်အပါအဝင် ပြည်သူ (၃၅)ယောက် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေနည်းတူ လူသားမျိုးနွယ်တစ်ခုလုံး ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ပါဝင်ပတ်သက်ကျူးလွန်သူတွေကို ချွင်းချက်မရှိ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တနိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံတကာရောက် နိုင်ငံသားတွေက ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ လူ့အခွင့်အရေးနဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိနိုင်ရေးတို့အတွက် စစ်အာဏာသိမ်းကာလအတွင်း ကြုံတွေ့ရတဲ့ ခြိမ်းခြောက်ဖိနှိပ်တားဆီးမှု အမျိုးမျိုးကိုရင်ဆိုင်ပြီး မလျော့တဲ့ဇွဲလုံ့လနဲ့ အခုချိန်ထိ ဆန့်ကျင်တွန်းလှန်နေတာြဖစ်ပါတယ်။

တိုင်းရင်းသား ပြည်သူတွေကလဲ ကိုယ်တိုင် ခုခံကာကွယ်နိုင်တာကြောင့် စစ်ကောင်စီက နယ်မြေဒေသစိုးမိုးမှုတွေကို လက်လွတ် ဆုံးရှုံးခဲ့ရပြီး နိုင်ငံတကာမှာလဲ စစ်ကောင်စီအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထောက်ခံအသိအမှတ်ပြုမှု မရရှိအောင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် တိုင်းရင်းသားပြည်သူတွေရဲ့ အားထုတ်ရုန်းကန်မှုတွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လဲ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူတွေရဲ့ စစ်မှန်တဲ့အချုပ်အချာအာဏာ ပြန်လည်ရရှိစေရေး၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တွေကို ဖော်ဆောင်ပြီး ဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး လုပ်ငန်းတွေကို ပုံစံမျိုးစုံနဲ့ ဥပဒေမဲ့ ဖိနှိပ်ချုပ်ချယ်တားဆီးမှုတွေ ရှိနေပေမယ့် အဖွဲ့ချုပ်ခေါင်းဆာင်တွေရဲ့ ဦးဆောင်မှုကို ခံယူပြီး၊ ပြည်သူတွေနဲ့အတူ ပြတ်သားစွာရပ်တည် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ အဖွဲ့ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.