စစ်ကောင်စီယန္တရားအားလုံးနီးပါး ရပ်တန့်နေတဲ့ ထီးလင်းမြို့နယ်မှာ CDM ရဲတွေနဲ့ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း
မတ် ၁၁ ၊ ၂၀၂၂
မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်စေဖို့နဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ရဲ တွေနဲ့ ဖွဲ့စည်းလိုက်တယ်လို့ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)-ထီးလင်းက ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလိုဖွဲ့စည်းရာမှာ CDM ရဲတပ်ဖွဲ့ဝင် ၂၀ဦးနဲ့ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
“ အဲဒါက ကျွန်တော်တို့ ထီးလင်းမြို့နယ်ထဲက တပ်ဖွဲ့ဝင်တွေ အများဆုံးပါဝင်ပြီးတော့ ဂန့်ဂေါ စခန်းတို့ အခြား ဂန့်ဂေါနယ်ထဲက CDM ရဲတွေ အကုန်လုံးပါဝင်ပါတယ်။ အဲဒါတွေအကုန်လုံးက ကျွန်တော်တို့ YDF ထီးလင်းမှာ ခိုလှုံနေတဲ့ CDM ရဲများဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ ဆက်ပြီးတော့ CDM ရဲတွေ ရောက်လာရင် သူတို့ရဲ့ဆန္ဒကို မေးပါမယ် ဒီအထဲမှာ ပြည်သူ့ရဲအနေနဲ့ တာဝန်ထမ်းဆောင်နိုင်မလား၊ ပြည်သူ့ရဲအနေနဲ့ တာဝန်ထမ်းဆောင်နိုင်တယ်ဆိုရင် ကျွန်တော်တို့ အင်အားတိုးချဲ့သွားမှာပါ” ဟု ထီးလင်း YDF တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာလည်း တရားမဝင် သစ်လုပ်ငန်းတွေ စစ်ဆေးဖော်ထုတ်တာ၊ ခိုးမှုတွေ စုံစမ်းဖော်ထုတ်တာ၊ လောင်းကစားဝိုင်းပပျောက်ရေးလုပ်ငန်းတွေနဲ့ ပြစ်မှုဆိုင်ရာများ ဖော်ထုတ်အရေးယူတာ တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် တွေနဲ့အညီဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
“အဓိက ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ ယန္တရားကို ရပ်တန့်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ ၉၀ ရာခိုင်နှုန်းရပ်တန့်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ ထီးလင်းမြို့နယ်မှာ။ စစ်ကောင်စီ ယန္တရား ရပ် တန့်တဲ့ နောက်ပိုင်းမှာ ပြည်သူတွေရဲ့ အုပ်ချုပ်ရေးအပိုင်းတွေရဲ့ ယန္တရား ပြန်လည်ပတ်ဖို့ လိုလာတယ်။ အဲဒါကြောင့် လည်ပတ်တဲ့အခါမှာ တရားဥပဒေ စိုးမိုးရေးကလည်း မပါမဖြစ်ပါဗျ။ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း လုပ်တဲ့အခါမှာ ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ပြည်သူပူး ပေါင်းပါ ဝင်မှသာလျင် ကျွန်တော်တို့ လုပ်ငန်းက အမြန်ဆုံး အောင်မြင်မှာ ဖြစ်ပါတယ်” ဟု ထီးလင်း YDF တာဝန်ရှိသူက ပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းရှိ ပြည်သူတွေ အနေနဲ့လည်း ပြစ်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ မတရားမှုတွေကို အချိန်နဲ့တပြေးညီ တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး Yaw Defence Force Htilin Page Messenger နဲ့ ရုံးဖုန်းတွေဖြစ်တဲ့ ၀၉၄၄၉၆၂၄၄၈၀၊ ၀၉၄၀၄၄၁၈၉၉၁ တို့ကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။