စစ်ကောင်စီထုတ်ကုန်တွေကို ပြည်သူတွေက မရောင်းချဘဲနဲ့ ပူးပေါင်းပါဝင်မှုတွေ လုပ်ပေးနေတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်က သတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီထုတ်ကုန်တွေ ရောင်းချခြင်းမပြုဖို့ ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ပြည်သူလူထုတွေ ကိုယ်တိုင်က ပူးပေါင်းပါဝင်လိုကြတာကို တွေ့ရတယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဖယ်ခုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဖေဖော်ဝါရီ ၃ရက်မှာ စာထုတ်ပြန်ပြီးတော့ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို ဖေဖော်ဝါရီ ၂၈ရက်က စပြး ထပ်မံ တင်သွင်းရောင်းချတာတွေ မလုပ်ဖို့တား မြစ်ထားတဲ့အပေါ် ပအဖနဲ့ PDF တပ်တွေ ပေါင်းပြီး ဖေဖော်ဝါရီ ၁၁ရက်နဲ့ ၁၂ရက်မှာ ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အတိုင်း ပြည်သူတွေ အခက်အခဲမရှိ လိုက်နာနိုင်ဖို့ ပအဖနှင့် ဖယ်ခုံ PDF တပ်ခွဲ(၁)/(၂)/(၃)တို့ ပူးပေါင်းပြး စစ်ကောင်စီထုတ်ကုန်များကို ရောင်းချခြင်းမပြုဖို့နဲ့ ပြည်သူ တွေအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ကြိုတင်ကွင်းဆင်း အသိပေးခဲ့ရာမှာ အခက်ခဲတစ်စုံတရာမရှိဘဲ ပြည်သူတွေ ကိုယ်တိုင်ကပူးပေါင်းပါဝင်လိုကြတာကို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီထုတ်ကုန်တွေ ရောင်းဝယ် သယ်ယူခြင်းမပြုဖို့ ဒေသအသီးသီးမှာရှိတဲ့ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တားမြစ်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဝင်ငွေ ထောက်တိုင်တွေ အားလုံးကို သပိတ်မှောက် ဆန့်ကျင်ရာမှာ ပြည်သူလူထုအားလုံး ပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။