‘စကစ ထိပ်ပိုင်းခေါင်းဆောင်တွေက ဘယ်စစ်သား ဘယ်လောက်သေသေ ငါတို့ စခန်းမကျစေရ။ ငါတို့သိက္ခာမကျစေရဆိုတဲ့မူနဲ့ အောက်ခြေ ရဲဘော်တွေကို ထိုးကြွေးနေတာဗျ။’
ကရင်ပြည်နယ် တပ်မဟာ ၆ ဒေသအတွင်း ပူးပေါင်းတပ်ဖွဲ့များ တာဝန်ခံ ကိုစောရှားနဲ့ တွေ့ဆုံမေးခြင်း
(အင်တာဗျုးကို နွေဆူးကပြုလုပ်သည်။)
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ၇ လကျော်ကြာ မြင့်လာတာနဲ့အတူ တိုက်ပွဲအဟုန်မြင့်နေဆဲပါ။ KNLA ၊ KNDO ၊ PDF အစရှိတဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ဒီကြားထဲ ကာလမှာ သေ့ဘောဘိုးစခန်းကို သိမ်းပိုက်ထားနိုင်သလို အခုလက်တလောမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေကုတ်စခန်းတစ်ခုဖြစ်တဲ့ ဥကရစ်ထကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပြီဖြစ်ပါတယ်။
၇ လကြာကျော်မြင့်နေပြီဖြစ်တဲ့ တိုက်ပွဲကာလအတွင်းမှာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ လမ်းပိုင်းတွေ၊ လက်ရှိလုပ်ဆောင်နေမှုတွေ၊ မြေပြင်အခြေအနေတွေနဲ့ပတ်သက်ပြီး တပ်မဟာ ၆ ရဲ့ ပူးပေါင်းတပ်ဖွဲ့များ တာဝန်ခံ ကိုစောရှားကို PVTV က တွေ့ဆုံမေးပြီး ပြန်လည်ဖြေကြားမှုတွေထဲက ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
မေး – မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် မြဝတီ-ဝေါလေလမ်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းက စစ်ဆင်ရေးနယ်မြေ အတွက်ဘယ်လောက်အရေးပါသလဲ။ ဘယ်လိုတွေ လုပ်ဆောင်ထားလဲ။
ဖြေ – ဒီနယ်မြေက ထိုင်းမြန်မာနယ်စပ် အရေးပါတဲ့နယ်မြေဖြစ်တယ်။ စကစတပ်တွေရော ကျွန်တော်တို့ EAOsတပ်တွေပါ နယ်မြေအလိုက် ခြေကုတ်ယူထားတဲ့ စခန်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ အပြည့်အဝထိမ်းချုပ်သွားနိုင်အောင် အဆင့်လိုက် စစ်ဆင်ရေးတွေ အကောင်အထည်ဖော်ပြီး ထိမ်းချုပ်သွားမှာပါ။
မေး – ဘယ်လိုမျိုး လုပ်ဆောင်နေလဲ။
ဖြေ – နှစ်ချက်ရှိတယ်လေ တစ်ခုက ရန်သူ့စခန်းတွေကို ရှင်းလင်းဖို့ဗျ။ ဒီအတွက် ရန်သူ့စခန်းတွေကို တိုက်ခိုက်ရှင်းလင်းတယ် စခန်းရပြီးရင်တော့ ကျွန်တော်တို့ အဲဒီစခန်းတွေမှာ မနေပါဘူး။ လက်နက်တွေသိမ်း သုံ့ပန်းတွေခေါ်ပြီး ပြန်လာတာပါပဲ။
မေး – အဲလို ပြန်ဆုတ်လာတော့ စကစ တပ်တွေပြန် မလာကြဘူးလား။
ဖြေ – ပြန်လာကြတာပေါ့ဗျာ။ ငါမသေငါ့စခန်းမကျစေရ ဆိုတဲ့ ဆိုင်းဘုတ်တွေစခန်းမှာထောင်ပြီး နေကျတဲ့ကောင်တွေလေ။ ဒါပေမယ့် တစ်ကယ်အမှန်က စကစ ထိပ်ပိုင်းခေါင်းဆောင်တွေက ဘယ်စစ်သား ဘယ်လောက်သေသေ ငါတို့ စခန်းမကျစေရ။ ငါတို့သိက္ခာမကျစေရဆိုတဲ့မူနဲ့ အောက်ခြေ ရဲဘော်တွေကို ထိုးကြွေးနေတာဗျ။ အဲဒါနဲ့ ဆက်စပ်လို့ပြောရရင် ကျွန်တော်တို့ နောက်ထပ် ရည်ရွယ်ချက်က စကစ တပ်တွေကိုအမှည့်ခြွေခြွေဖို့နဲ့ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်အောင်တိုက်ယူဖို့ဗျ။ အခု ကျွန်တော်တို့နယ်မြေမှာ စကစ တပ်သားတွေ ထောင်ချီကျဆုံးနေပြီဗျ ကျတော်တို့ဆီက လက်နက်ကြီးတွေက သူတို့ဆီက ရတာတွေ အများကြီးပါ အခုလည်း သေဘောဘိုးစခန်း နဲ့ ဥကရစ်ထကို ပြန်ပြီး အင်အားအလုံးအရင်းနဲ့တက်လာနေတယ် ပြဿနာမရှိဘူး ကျွန်တော်တို့ ခြွေစစ်နဲ့ ဆက်တိုက်မယ် လက်နက် သိမ်းမယ်လေ။ ကျွန်တော်တို့မှာ ရဲဘော်အင်အား အများကြီး ရှိတယ် လက်နက်ကလည်း စကစတပ်တွေက သိမ်းထားတာရောပေါင်းရင် အတော်ရှိနေပြီလေ။ ရဲဘော်တွေရဲ့ တိုက်ပွဲဝင်စိတ်ကလည်း အပြည့်ဗျ မတိုက်ရလို့ တန်းစီ ပြဿနာရှာနေတဲရဲဘော်တွေကအများကြီး စကစတပ်တွေကို ပေးမနာပဲ ကျွန်တော်တို့က အလှည့်ကျ တိုက်နေမှာပဲ။
မေး – ဥကရစ်ထတိုက်ပွဲမှာ EAOs PDF ပူးပေါင်းအဖွဲ့ တွေ ၂၀၊ ၃၀ လောက်ကျတယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီဘက် လူမူကွန်ရက်တွေမှာ ပြောနေကြတယ်။ အဲဒီအပေါ်ပြောပေးပါဦး။
ဖြေ – စကစ လော်ဘီတွေက သူတို့ အကြီးအကျယ်အထိနာနေတာကို ဖုံးကွယ်ပြီ ဆိုက်ဝါး ပြန်လုပ်နေတာဗျ ကျွန်တော်တို့ ဘက်က ကျတာ ဆယ်ယောက်တောင်မပြည့်ပါဘူး။ တစ်ကယ့် မြေပြင်မှာအခု ဥကရစ်ထ စခန်းတိုက်ပွဲမှာတင် စကစ တပ်သား ၁၅၀ လောက်ကျပြီး (၃၆) ယောက်လောက် ဒဏ်ရာရတယ် ကျတော်တို့ ပူးပေါင်းတပ်ဖွဲတွေ လက်နက် ၅၂ နဲ့ ခဲယမ်း ကျည်တွေ အတော်ရတယ်။ စကစ ထိပ်ပိုင်းက ဒီသတင်းအမှန်တွေကို ဖုံးကွယ်ပြီး နောက်ထပ် ပို့မယ့်တပ်တွေ စိတ်ဓာတ်မကျအောင် ဝါဒဖြန့်ပြီး အောက်ချေရဲဘော်တွေကို ထိုးကြွေးနေတာဗျ လေးကေကော်တိုက်ပွဲမှာတုန်းက ဆို ကျတော်တို့ ရဲဘော်တွေက ပစ်ရမှာတောင် အားနာ လာတဲ့အထိဖြစ်ကြတယ်။ စစ်သားတွေရော ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်တယ် ထိုးထိုးထောင်ထောင် ငူတူတူတွေနဲ့ တက်လာကြတာ အဲဒီတုန်းကလည်း စကစ တပ်သားတွေ ရာချီကျခဲ့ကြတာပဲ။
မေ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ဓာတ်ပုံ – သေ့ဘောဘိုး စခန်းသိမ်းပြီး ပြန်လာသော ကော်ဘရာစစ်သည်များကို ကြိုဆိုနေပုံ။ (ကော်ဘရာစစ်ကြောင်းမှာ KNLA နဲ့ PDF စစ်သည်များ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်ပါတယ်။)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။