ငွေတိုက်စာချုပ်တွေကို နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ဒသမ၆သန်းနီးပါးအထိ ရောင်းချထားနိုင်

ငွေတိုက်စာချုပ်တွေကို နှစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ဒသမ၆သန်းနီးပါးအထိ ရောင်းချထားနိုင်
ဇန်နဝါရီ ၁၅ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရက ရောင်းချနေတဲ့ ငွေတိုက်စာချုပ်တွေကို ပြန်လည်ရောင်းချလျှက်ရှိရာ လက်ရှိအချိန်တွင် နှစ်ပတ် အတွင်း အမေရိကန်ဒေါ်လာ ၃ဒသမ၆သန်းနီးပါးအထိ ရောင်းချထားနိုင်ပြီးဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။

“ကျနော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ။ (အခြေအနေအရ) အရင်လို အုတ်အော်သောင်းနင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃.၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေကို တစ်ကျပ်တစ်ပြားကစလို့ လုံးဝအလဟဿအဖြစ်မခံဘူးဆိုတာနဲ့ အလေအလွင့် အဆုံးအရှုံး လည်း မရှိစေရဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ တာဝန်ယူတယ်ဆိုပြီး ပြောပါတယ်။

ရောင်းရငွေအားလုံးကို တော်လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာနဲ့ ဝယ်ယူတဲ့သူတွေ မျှော်လင့်ထားတဲ့ ရည်ရွယ်ချက်စီ ရောက်ဖို့အတွက် စနစ်တကျစီမံခန့်ခွဲပေးနေတယ်လို့လည်း ဆိုပါတယ်။

“သေချာတာ တစ်ခုကတော့ ငွေတိုက်စာချုပ် ဝယ်ယူမှုဟာ တော်လှန်ရေးအတွက်ထိရောက်တဲ့ အရွေ့တစ်ခုကို ဆောင်ကျဉ်းပေး လာနေပါပြီဆိုတဲ့ အချက်ပါပဲ။ ကျနော်တို့မျိုးဆက်များအတွက် မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်း ပျောက်ကွယ် သွားစေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေရန် ငွေတိုက်စာချုပ်များကိုစွမ်းသမျှ ဝယ်ယူပေးကြပါလို့ လေးနက်စွာ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ငွေတိုက်စာချုပ်အရောင်းကိုယ်စားလှယ်-တော်လှန်ရေးအင်အားစုတွေရဲ့ စာရင်းကို ဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန် ကြေညာပေးဖို့ရှိတယ်လို့လည်း ဆိုထားပါတယ်။ အခုလို အရောင်းကိုယ်စားလှယ်စာရင်း ကြေညာပေးတဲ့အခါမှာ တချို့ အရောင်းကိုယ်စားလှယ်တွေကတော့ အခြေအနေအရ သက်ဆိုင်ရာနိုင်ငံရဲ့ အကန့်အသတ်တွေအရ ပေါ်ပေါ်တင်တင်ကိုယ်စား လှယ်အဖြစ်နဲ့ မကြေညာနိုင်သေးကြောင်းနဲ့ ဝယ်ယူသူတွေအနေနဲ့ ယုံကြည်ရင်းစွဲရှိတဲ့သူတွေဖြစ်ခဲ့ရင် စိတ်ချလက်ချက် ဆက်လက်ဝယ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ငွေတိုက်စာချုပ်တွေရောင်းချရမှုကနေ ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်နေတယ်ဆိုတဲ့အကြောင်းကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.