ဂန့်ဂေါမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ဖုန်းလိုင်းတွေဖြတ်တောက်ပြီး စစ်သုံးရဟတ်ယာဉ်တွေပါအသုံးပြုကာ ပြည်သူတွေကို သတ်ဖြတ်မှု ပြုလုပ်နေ
ဇူလိုင် ၂၂ ၊ ၂၀၂၂
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်သုံးရဟတ်ယာဉ်တွေပါ အသုံးပြုပြီးတော့ ပြည်သူတွေကို သတ်ဖြတ်မှုတွေ ပြုလုပ်နေပါတယ်။
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာကို ဇူလိုင် ၁၉ ရက်က လုပ်ဆောင်ခဲ့တာပါ။ ယခင်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို လိုင်းဆွဲအား လျော့တာမျိုးပြုလုပ်ခဲ့ပေမယ့် အခုချိန်မှာတော့ လုံးဝကို ဖြတ်တောက်လိုက်တာ လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်းမှာ ဒီရက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ အခုလိုမျိုး ပြည်သူတွေကို အသားလွတ် သတ်ဖြတ်မှုပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘အရင်က PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီးမှပဲ အနီးက ရွာတွေကို ဝင်စီးတာ။ အခုက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ အသားလွတ်ကို ရွာတွေကို ဝင်ဖျက်ဆီးနေတာ’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျီစုရွာကို အကြမ်းဖက်စစ်တပ်ကဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့မှုပြုလုပ်ခဲ့သလို ပြည်သူတွေကိုလည်း သတ်ဖြတ်မီးရှို့မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုမီးရှို့မှုကြောင့် နေအိမ် ၅၀၀ ကျော် မီးလောက်ပျက်စီးခဲ့သလို အဲဒီအထဲမှာ ဘာသာရေးအဆောက်အုံတွေပါဝင်ခဲ့ ပါတယ်။ ဒါအပြင် ဒေသခံပြည်သူ အယောက် ၂၀ ကျော်ကိုလည်း မီးရှို့သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ အယောက် ၇၀ ကျော်လည်း ပျောက်ဆုံးနေဆဲပါ။
ဓာတ်ပုံ – ဇူလိုင် ၁၈ ရက်မှာ အကြမ်းဖက်စစ်တပ်က ကျီစုရွာကို မီးရှို့နေပုံနဲ့ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ပြည်သူများ
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။