ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြား
ဇူလိုင် ၁၁ ၊ ၂၀၂၂
ချင်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဇူလိုင် ဒုတိယပတ်အတွင်း ချင်းလက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနေတယ်လို့ ချင်းတပ်ဖွဲ့တွေနဲ့ ဒေသခံ အချို့ကပြောပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း – ဟားခါးလမ်းမှာ ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့ပါဝင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင် ၈ရက်က စပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဇူလိုင် ၈ရက်နေ့မှာ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၀ဦးသေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၁၀ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၄ဦးသေဆုံးခဲ့ပြီး ယနေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က အထိနာလျက်ရှိတယ်လို့ ချင်းဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ ဖလမ်း – ဟားခါး လမ်းက ကျေးရွာအချို့က ပြည်သူလူထု နေအိမ်တွေကို မီးရှို့တာတွေပြုလုပ်ခဲ့ကြောင်း CNDF ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ ကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်နေတာဖြစ်ပါတယ်။
The Chin Journal က ဖော်ပြတဲ့ တိုက်ပွဲသတင်းရုပ်သံမှတ်တမ်းမှာ စစ်ကောင်စီတပ်ကိုချင်းလက်နက်ကိုင် ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်တာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ကို တွေ့ရပါတယ်။
တစ်ဖက်မှာလည်း ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်ကို မတူပီ CDFက တိုက်ခိုက်နေပြီး ဇူလိုင် ၆ရက်မှ ယနေ့ ဇူလိုင် ၁၁ရက်နေ့အတွင်း တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၁၁ဦးထက် မနည်းသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း မတူပီ CDF ရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၂၈ရက်မှာ မတူပီ မြို့နယ် လိုင်လင်းပီ မြို့ကနေ မတူပီ ဘက်ကို ခြေလျင် ထွက်ခွာလာတဲ့အပေါ် လိုင်လင်းပီ – မတူပီ လမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။