ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီအစည်းအဝေးပြုလုပ်
ဇွန် ၂၉ ၊ ၂၀၂၂
ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီအစည်း အဝေး ( ၅/၂၀၂၂ ) ကို ဇွန် ၂၇ ရက်က ပြုလုပ်ခဲ့တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးကို ကော်မတီဥက္ကဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ – ၂၊ တရားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်နဲ့ ဒုတိယ ပြည်ထောင်စုဝန်ကြီး ခူးထဲဖူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဦးချစ်ထွန်း၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုတိယပြည်ထောင်စုဝန်ကြီး ဗဟန်းထန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ CRPH ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌနဲ့ အခြားဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တရားစီရင်ရေး ဖော်ဆောင်မှုကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ထားမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက်မှာ တရားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်- ဦးမင်းနောင်ခိုင်က တရားစီရင်ရေး ဖော်ဆောင်မှုကိစ္စရပ် တွေနဲ့ စပ်လျဉ်းပြီး ဆောင်ရွက်ထားမှု အခြေအနေအား ထပ်ဆင့် ရှင်းလင်းတင်ပြတာ၊ တရားစီရင်ရေးဖော်ဆောင်မှုနဲ့ တရားရုံးတွေစောင့်ကြည့်ထိန်းညှိရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်နဲ့ တရားစွဲနဲ့ အမှုလိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်တို့က တရားစီရင်ရေးဖော်ဆောင်မှုကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး မြို့နယ် တရားသူကြီးတွေနဲ့ ဥပဒေရေးရာတာဝန်ခံတွေက ဆွေးနွေးတင်ပြထားတဲ့ လက်ရှိအခြေအနေ၊ အချက်အလက် ကောက်နုတ်ချက်တွေနဲ့ တရားစီရင်ရေးအာဏာအပ်နှင်းဖို့ တင်ပြလာတဲ့မြို့နယ်တွေကို ရှင်းလင်းတင်ပြတာ၊ တရားရုံး၊ ဥပဒေရုံးတွေတည်ဆောက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။
တင်ပြ ဆွေးနွေး ရှင်းလင်းချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။