ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များတွေ့ဆုံ
◼️ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့တော်လှန်ရေးကို ပိုမိုပီပြင်စွာ အကောင်းဆုံးဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး
ဇန်နဝါရီ ၂၄ ၊ ၂၀၂၃
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များတွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၃ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေး ဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “တစ်နှစ်မ ဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေချိန်ဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက် နေရတဲ့ အချိန်မှာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးဆောင်ရွက်မှုက အရေးကြီးတယ်၊ ယခုကဲ့လို ပေါင်းစပ်ညှိနှိုင်း ရေးဖွဲ့စည်းမှုက တော်လှန်ရေးအောင်မြင်ရန် အဓိကအချက်ဖြစ်တယ်၊ ယခုဆွေးနွေးချက်တွေကို ကျေကျေလည်လည် ဆွေးနွေးပြီး အောင်အောင်မြင်မြင်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါ တယ်” ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး နိုင်ကောင်းရွက်က ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များမှ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများတွင်မှန်မှန်ကန်ကန်ဖြင့်ဖြေရှင်း ဆောင်ရွက်သွားရမှာဖြစ်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတည်ဆောက်ရမယ် ဖက်ဒရယ်နိုင်ငံတော်ကြီးမှာ ပုံစံအသစ်နဲ့ အကြမ်းဖက် စစ်ကောင်စီကို ဖြုတ်ချပြီး အာဏာစိုက်ထူမှာဖြစ်လို့ အုပ်ချုပ်ရေး လုပ်ငန်းများကို သိမ့်မွေ့စွာနဲ့ ဆောင်ရွက် သွားရမှာဖြစ်တယ်၊ ယခုဆွေးနွေးမှုမှာ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့တော်လှန်ရေးကို ပိုမိုပီပြင်စွာ အကောင်းဆုံးဆောင်ရွက်နိုင်ရေးအတွက် အကြံဉာဏ်ပေးတာနဲ့ ကြိုးစားဆောင်ရွက်ကြဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ခရိုင်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ရဲ့ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်တက်ရောက်လာကြတဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး သိရှိလိုတာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ် လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။