ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ၄၆ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အဖြစ် ကြေညာချက်ထုတ်ပြန်
ဇွန် ၂၆ ၊ ၂၀၂၂
ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ၄၆ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အဖြစ်နဲ့ ဒီနေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့တာကိုအကြောင်းပြုပြီး ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ စစ်အာဏာရှင်အုပ်စုက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့တာ ဒီနေ့ မှာဆိုရင် ဆလိုင်းတင်မောင်ဦး ကျဆုံးတာ ၄၆ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်အခြေပြုစစ်အာဏာရှင်စနစ်က နည်းလမ်းမျိုးစုံတွေနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ချင်းပြည်အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ခုလုံးကို မတရားဖိနှိပ်အုပ်ချုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်ပြောင်းလဲလာနိုင်ရန် ကြိုးပမ်းမှုတွေကို မျက်ကွယ်ပြုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ပြည်သူ့ထံမှ အာဏာကိုထပ်မံလုယူသိမ်းပိုက်ခဲ့ယုံသာမကဘဲ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်စေရေး ကြိုးစားအားထုတ်နေဆဲဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ကာလပတ်လုံး မိမိတို့ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ က လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ လုံခြုံငြိမ်းချမ်းခြင်းတွေကို ရရှိခံစားနိုင်မယ့် အခြေအနေ မရှိကြောင်း ထုတ်ပြန် ချက်မှာ အတိအလင်းဖော်ပြထားတာ တွေ့ရပါတယ်။ တရားမျှတမှုနဲ့ လွတ်လပ်ခြင်း မရှိရင် စစ်မှန်တဲ့ လုံခြုံငြိမ်းချမ်းမှုနဲ့ ပြည်သူလူထုရဲ့ ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်တွေက ဘယ်အချိန်မှ ရလာနိုင်မှာ မဟုတ်ဘူးလို့လည်းထောက်ပြထား ပါတယ်။
ဆလိုင်းတင်မောင်ဦးက “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး (I will never kneel down under military boots.)” ဆိုပြီး သူ့ကိုကြိုးပေးသတ်ဖြတ်ရန်ပြင်ဆင်နေတဲ့ စစ်အာဏာရှင် လက်ပါးစေတွေကို ပြတ်ပြတ်သား သားပြောကြားခဲ့တာပါ။ ဒါအပြင် “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမယ့် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး (You can kill my body but you can never kill my belief and what I stood for.)” ဆိုပြီးတော့လည်း ရဲရဲတောက်ပြောကြားခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦးက ချင်းလူမျိုး တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင်စနစ်အား ဆန့်ကျင်အံတုတဲ့ လုပ်ဆောင်ချက်တွေကို ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်သာမက၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုကြသူတိုင်း စံနမူနာထားလေးစား အသိအမှတ်ပြုထိုက်တဲ့အမှုအရာဖြစ်လို့ ဆလိုင်း တင်မောင်ဦး အထိမ်းအမှတ်နေ့ကို နိုင်ငံတဝှမ်းလုံးမှာနှစ်စဉ်ကျင်းပပြုလုပ်ဖို့အတွက် အလေးအနက်ထား တိုက်တွန်း ထားပါတယ်။
စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းမျိုးစုံနဲ့ ကျရာကဏ္ဍ အသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြသူတွေအားလုံးအနေနဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ပြောကြားချက်တွေကို ရင်ဝယ်ပိုက် ပြီး ရှေ့ဆက်ချီတက်ကြဖို့အတွက်လည်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက အလေးအနက် တိုက်တွန်း ထားတာတွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။