ကျောပိုးအိတ်လေးငိုနေပြီ
———–
ငါက မင့်စာအုပ်တွေထမ်းပိုး
မင်းက စိတ်ကူးအိပ်မက်တွေထမ်းပိုး
အတူတူ ကြိုးစားခဲ့ကြဖူးတဲ့နေ့ရက်တွေ
ဘာအတွက်လဲ သူငယ်ချင်းရေ …
မင်းတို့ရဲ့ ကျောင်းသွား ကျောင်းပြန်လမ်းမတွေ
အခုတော့ စစ်မြေပြင်ဖြစ်လို့ …
မင်းတို့သူငယ်ချင်းတွေ ပြောနေကျ
မနက်ဖြန်မှာ ပန်းတွေပွင့်မယ့်အကြောင်း
အနာဂတ်မှာ ရွက်တွေလွှင့်မယ့်အကြောင်းတွေလည်း
အခုတော့
ဘာတွေ ကြွေးကြော်ကြမလဲ
ဘယ်လို ခုခံကြမလဲ
ဘယ်လို တုန့်ပြန်ကြမလဲတွေဖြစ်လို့ …
မင်းတို့မိဘတွေရဲ့ မီးဖိုချောင်သုံး ဒန်အိုးဒန်ခွက်တွေကလည်း
မင်းတို့ရဲ့ ကာကွယ်ရေး ပစ္စည်းတွေဖြစ်လို့ …
မင်းကျောပိုးထားတဲ့ ငါ့အထဲမှာလဲ
စာအုပ်တွေအစား သစ်သားပြားတွေဖြစ်လို့ …
မင်းရဲ့ ကျောပိုးအိတ်လေးငါက
ဒီကာလမှာတော့ မင်းရဲ့ ကျည်ကာအင်္ကျီလေးပေါ့
သူငယ်ချင်းရေ
“ကျွန်တော်တို့က လူငယ်တွေပါ
လူငယ်တွေမှာ အနာဂတ်ရှိတယ် …” ဆိုတဲ့
မင်းတို့ရဲ့ကြွေးကြော်သံကိုကြောက်လို့
စစ်ဘီလူးတွေဗျောက်ကိုဖောက်
မိုးပေါ်ကို မဟုတ်
မင်းဦးခေါင်းတည့်တည့်တဲ့လေ
ကျောပိုးအိတ်ဖြစ်နေတဲ့ငါ
သံခမောက်ဖြစ်လိုက်ရင်ကောင်းမှာလို့
တွေးမိတဲ့တခဏပေါ့
လူနာတင်ယာဉ်ဆီ မင်းကိုခေါ်သွားကြချိန်
မင်းရဲ့သွေးစက်တွေ ပွေ့ပိုက်ရင်း
ငါငိုရှိုက်မိတယ် …
ငါမင်းကို မကာကွယ်လိုက်နိုင်ဘူး
ငါမင်းကို မကာကွယ်လိုက်နိုင်ခဲ့ဘူး ။ ။
နွေဦးနေ
#SpringRevolution
#PVTV
Like – 4.8K Share – 639