ကျောက်စိမ်းရောင်းဝယ်ဖောက်ကားသူတွေကို အကြမ်းဖက်စစ်ကောင်စီက အရေးယူတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာချက်ထုတ်ပြန်
ဇန်နဝါရီ ၂၇ ၊ ၂၀၂၂
မန္တလေးကျောက်ဝိုင်းပြင်မှာ ကျောက်စိမ်းရောင်းဝယ်ဖောက်ကားနေသူတွေကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအရေးယူတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာချက် အမှတ် ၁/၂၀၂၂ ကို ဇန်နဝါရီ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေ၊ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အရေး အမြဲလုပ်ဆောင်နေတယ်ဆိုတာနဲ့ အကြမ်းဖက် စစ်ကောင်စီက အာဏာတည်မြဲရေးနဲ့ ဝယ်ငွေရရှိရေးကို ဦးစားပေးလုပ်ဆောင်နေပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေး ကျောက်ဝိုင်းပြင်ပမှာ ကျောက်စိမ်းရောင်းဝယ်ဖောက်ကားသူတွေကို မတရားဖမ်းဆီးအရေးယူခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ နစ်နာသူ ပြည်သူတွေရဲ့ အခြေအနေကို ဝန်ကြီးဌာနအနေနဲ့ သိရှိပြီး စာနာနားလည်တဲ့အပြင် မှတ်တမ်းတင်ထားရှိ တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်အခြေအနေကို သုံးသပ်ပြီးတော့ ဝန်ကြီးဌာနအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာ့ကျောက် မျက်ရတနာ ဥပဒေအပါအဝင် လုပ်ထုံးလုပ်နည်းတွေကိုလည်း ဖက်ဒရယ်သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒနဲ့အညီ ပြည်သူ ဗဟိုပြု ချည်းကပ်မှုနဲ့ ပြင်ဆင်ရေးကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်။
ဖမ်းဆီးမှုဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ယင်းတို့ရဲ့ သစ္စာခံလုပ်ငန်း/ဌာနတွေရဲ့ လုပ်ရပ်တွေကိုလည်း မှတ်တမ်းပြုစုထားရှိပြီးတော့ ယင်းတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံရမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။