ကုလအထူးကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံဆွေးနွေး၊ ကုလကိုယ်စားလှယ်က မြန်မာပြည်သူတွေရဲ့ အသံသာ အဓိက ကျပြီး အထူးအလေးထားတယ်လို့ပြောကြား
ဖေဖော်ဝါရီ ၇ ၊ ၂၀၂၂
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကုလအထူးကိုယ်စားလှယ်က မြန်မာပြည်သူတွေရဲ့အသံက သာအဓိကကျပြီးတော့ အထူးအလေးထားတယ်လို့ ပြောကြားလိုက်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြေကြားခဲ့တဲ့ အင်တာဗျူးမှာ နား လည်မှုလွဲမှားခဲ့တဲ့အပေါ်မှာ ပြန်လည်ဖြေရှင်းခဲ့ပြီး မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေရဲ့ အသံသာ အဓိက ကျတယ်ဆိုတာနဲ့ အထူးအလေးထားတယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။
ဒါအပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရမှာဖြစ်တာကြောင့် နားလည်ပေးစေလိုတယ်ဆိုတာနဲ့ အဓိကမျှော်မှန်းချက်ကတော့ မြန်မာနိုင်ငံကို အကူအညီပေးဖို့သာဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်။ မြန်မာနိုင်ငံအတွင်းပြောင်းလဲနေတဲ့ နိုင်ငံအရေးအခြေအနေတွေကို ပိုမိုနားလည်နိုင်အောင် လေ့လာမှာဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်အကူအညီပေးရေးကိစ္စရပ်တွေကိုလည်း လုပ်ဆောင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဖြစ်ပေါ်လာရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မြန်မာပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားမှုပေးဖို့ အရေးပေါ် လိုအပ်နေတဲ့ အခြေအနေတွေကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် မြေပြင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေ၊ ယမန်နေ့က ဖြစ်ခဲ့တဲ့ ၁၇ အရွယ်ကျောင်းသားတစ်ဦးကို ရန်ကုန်မြို့လည်ကောင်မှာ သေနတ်နဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ၊ ကျေးရွာတွေက နေအိမ်တွေကို လူမဆန်စွာနဲ့ မီးရှို့ဖျက်ဆီးနေမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်း အကြမ်းဖက်မှုတွေကို ဖက်ဒရယ်အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထု က ညီညီညွတ်ညွတ်ဆန့်ကျင် တော်လှန်နေတဲ့အကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပေါင်းစပ်လုပ်ဆောင်နေမှုတွေကို လည်း အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။