ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး အထွေထွေညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန် တက်ရောက်မိန့်ခွန်းပြောကြား
၂၄ နိုဝင်ဘာလ ၂၀၂၁
ကမ္ဘာလုံးဆိုင်ရာ လူကုန်ူးမှုတိုက်ဖျက်ရေးအစီအစဉ်အဖြစ်နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအစည်းဝေးကို နယူးယောက်မှာ ပြုလုပ် နိုဝင်ဘာ ၂၂ ရက်က စတင်ပြီးပြုလုပ်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုဝင်ဘာ ၂၃ ရက်နေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူကုန်ကူးမှုပြဿနာတွေကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့အရေး ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီမိုကရေစီရွေးကောက်ခံအစိုးရလက်ထက်မှာ လူကုန်ကူးမှုကာကွယ်တိုက်ဖျက် ရေးကို ရည်ရွယ်ပြီး တရားဥပဒေစိုးမိုးရေး၊ တရားစီရင်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေး တို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက် ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရွေးကောက်ခံပြည်သူ့အစိုးရက ပြစ်မှုဆိုင်ရာတရားစီရင်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေမှာ တာဝန်ခံမှုမရှိတဲ့ မြန်မာစစ်တပ် ကြောင့် ကန့်သတ်ချက်တွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့လည်း ကန့်သတ်ချက်များကြားက အမျိုးသားအစီအစဉ်နဲ့ လုပ်ငန်းစဉ်တွေချမှတ်ပြီး လူကုန်ကူးခံရသူတွေကို နေရပ်ပြန် ရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို အလေးထားဆောင်ရွက်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက မိန့်ခွန်းမှာ ပြောကြားထားပါတယ်။
ဒါပေမယ်လည်း အဲဒီလိုဆောင်ရွက်ချက်တွေကတော့ အခုချိန်မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့အတူ တိုးတက်မှုတွေ အားလုံး အချည်းအနှီးဖြစ်ခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အကြမ်းဖက်စစ်တပ်က ပြည်သူတွေအပေါ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ နှိမ်နှင်းတိုက်ခိုက်နေတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ ၁၃၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီလို ဆုံးရှုံးခဲ့ရတဲ့အထဲ မှာ ကလေးငယ် အယောက် ၉၀ အထိလည်း ပါဝင်ထားပါတယ်။ ဒါအပြင် လူဦးရော ၂၃၄,၆၀၀ ဦးကလည်း နေရပ်စွန့်ခွာ ထွက်ပြေး နေရပြီးတော့ အများစုက နိုင်ငံတွင်းနဲ့ ဒေသတွင်းမှာ လူကုန်ကူးမှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒါ့အပြင် လာမဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့နှုန်းက လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ခန့်မှန်းထား ကြ ပြီးတော့၊ လက်ရှိအချိန်မှာလည်း လူဦးရေ ၃ သန်းက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ် လို့ မိန့်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးကို လုပ်ဆောင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍက အရေးပါပေမယ့်လည်း အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို အကာအကွယ်မပေးဘဲ သတ်ဖြတ်နေတဲ့အတွက် သူတို့လက်အောက်က အဖွဲ့အစည်းတွေ၊ အေဂျင်စီတွေကပါ တရားမျှတမှုကင်းမဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်လာနေပြီလို့ ဆိုထားပါတယ်။ ဒီလို တရားဥပဒေစိုးမိုးမှုမဲ့လာတာတွေက လူကုန်ကူးတဲ့သူတွေအတွက် အခွင့်အရေးတွေဖြစ်လာပြီးတော့ ဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူကုန်ကူးမှုအန္တရာယ်တွေက အရင်နဲ့မတူတော့ဘဲ ပိုမိုကျရောက်လာနိုင်တဲ့ အနေအထားတွေရှိနေတယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။ ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို အကူအညီပေးရန်လိုအပ်ကြောင်း၊ အဲဒီလို အကူအညီပေးမှသာ ပြည်သူတွေရွေးချယ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှု ဖွဲစည်းပုံအခြေခံဥပဒေရှိလာမှဖြစ်ကြောင်းနဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source : https://www.facebook.com/Myanmarmisson