ကုလလုံခြုံရေးကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးဖို့တောင်းဆို
ဒီဇင်ဘာ ၉၊ ၂၀၂၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြား ပုဂ္ဂိုလ်များကို ထောင်ဒဏ်ချမှတ်ခြင်းတွေအပေါ် အလွန်စိုးရိမ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၈ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ဂျာသံအမတ်ကြီး Abdou Abarry က အဖွဲ့ဝင် ၁၅ နိုင်ငံကိုယ်စား ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ၊ လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ဖို့နဲ့ လိုအပ်မှုကို အလေးပေးဖို့ ပြောဆိုခဲ့တာအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် ဆက်လက်ထောက်ခံကူညီမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
ဒါပြင် အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့နဲ့ မြန်မာပြည်သူလူထု ဆန္ဒ အကျိုးစီးပွားနဲ့ အညီ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးရေး အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော် ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေးအပြင် ပြည်သူလူထု အခြေခံလွတ်လပ်ခွင့်တွေကိုပါ အပြည့်အဝလေးစားဖို့နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ဖို့ကိုလဲ လုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြောဆိုထားပါတယ်။
ဒီကြေညာချက်မှာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေစိုးမိုးရေးနဲ့ ညီညွတ်မှုတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ခိုင်ခိုင်မာမာ လုပ်ဆောင်ဖို့ ထပ်မံဖော်ပြထားပါသေးတယ်။
#SpringRevolution
#PVTV
#PVTVNews