ကလေးမြို့ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်ခဲ့တဲ့အပေါ် GSCB က ကြေညာချက်ထုတ် ပြန်
မတ် ၁၉ ၊ ၂၀၂၂
ကလေးမြို့အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) က မတ် ၁၈ ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ ညနေမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်၌ ပဋိပက္ခ တစ်ရပ် ဖြစ်ပွားခဲ့ပြီး အဆိုပါ ပဋိပက္ခအတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လက်နက်နဲ့ အင်အားသုံးပစ်ခတ်ပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ နိုင်ငံရေး အကျဉ်းသားတွေ ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အကျဉ်းထောင်များအတွင်းမှာ အကျဉ်းသားတွေ အနေနဲ့ ဘောပင်၊ ဖောင်တိန်ကိုပင် ကိုင်ဆောင်ခွင့် မရှိတဲ့အပြင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို သိမ်းယူပြီးချိန်မှစပြီး ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေက နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများ ဖြစ်ပွားလျက်ရှိနေတာလည်း နိုင်ငံသိ၊ ကမ္ဘာသိပင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ အကြမ်းဖက် နှိမ်နင်းသည့်လုပ်ရပ်တွေ၊ လူအခွင့်အရေးချိုးဖောက်ပြီး ထောင်တွင်း ရဲဘော်တွေကို ပြင်းထန်စွာနှိပ်စက်တာ၊ ဆေးကုသခွင့်မပေးတာ၊ အကြောင်းအရင်းလျော်ညီမှုမရှိဘဲ တိုက်ပိတ်တာစတဲ့ ဖြစ်ရပ်တွေက အင်းစိန်ထောင်၊ မုံရွာထောင် တို့မှာလည်း ထင်ရာစိုင်း နိုင်လိုမင်းထက်ပြုနေခဲ့တာ အားလုံးအသိပင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘောပင်၊ ဖောင်တိန်ကိုပင် ကိုင်ဆောင်ခွင့် မရှိတဲ့ လက်နက်မဲ့ အကျဉ်းသားတွေအနေနဲ့ အကျဉ်းထောင်ရှိ အဆောင်တိုင်းနဲ့ ထောင်အုတ်ရိုး ပတ်လည်ရှိ မျှော်စင်တွေမှာ လက်နက်အသင့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတဲ့ ထောင်ဝန်ထမ်းများရှိပြီး ထောင်ပြင်ပမှာလည်း အဆင့်ဆင့်သော လုံခြုံရေးတွေနဲ့ တင်းကြပ်စွာရှိတဲ့ အနေအထားမှာ မည်သည့်နည်းလမ်းနဲ့မျှ လွတ်မြောက်ရန် မလွယ်ကူတာကို သိရှိထားမှာဖြစ်လို့ လွတ်မြောက်ဖို့ ကြိုးစားအားထုတ်မှာ မဟုတ်ဘူးဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါဖြစ်ရပ်မှာ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်မှာ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ကြံဇာတ်လမ်း တစ်ပုဒ်သာဖြစ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် စစ်အုပ်စုက လက်နက်နဲ့ အင်အားသုံးပစ်ခတ်ပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ အ ကြမ်းဖက် ဖြိုခွင်းမှုဖြစ်တယ်လို့ သတ်မှတ်ပြီး လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် GSCB အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ် ချ လိုက်တယ်လို့ ဆိုထားပါတယ်။
ကလေးမြို့ အကျဉ်းထောင်အတွင်း အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ရပ်မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် နိုင်ငံရေးအကျဉ်းသားတွေကို GSCB အနေနဲ့ လေးစား ဦးညွတ်ပြီး နွေဦးတော်လှန်ရေးမှာ နိုင်ငံတစ်ဝန်း ကျဆုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုများ အပေါ် တရားမျှတမှုကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ မဆုတ်မနစ် ချီတက် တော်လှန်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြု ဖော်ပြထားတာလည်း တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။