ကလေးမြို့မှာ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ လက်ဝယ်ထားရှိသူ တရားခံ များကို ဖမ်းဆီး
ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ လက်ဝယ် ထားရှိသူ တရားခံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-Kalay) တပ်ရင်း(၃)နဲ့ CDF-KKG တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-Kalay) တပ်ရင်း(၃)နဲ့ CDF-KKG တပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တရားခံ ၁ ဦးနဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ တရားခံ ၁ ဦးတို့ကို စစ်ဆေးရှာဖွေဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(မြောက်ပိုင်း)မှာ ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-Kalay) တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်(၆)ဦးနဲ့ CDF-KKG တပ်ဖွဲ့မှ ဒုတပ်ခွဲမှူးပါတပ်ဖွဲ့ဝင်(၄)ဦး စုစုပေါင်း တပ်ဖွဲ့ဝင်(၁၀)ဦးတို့က ဖေဖော်ဝါရီလ ၃ ရက်မှာ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ ဦးလှရွှေရဲ့ လယ်တောကို သွားရောက်ရှာဖွေဖမ်းဆီးရာ ဦးလှရွှေမှာ အဖမ်းမခံဘဲ ၎င်းထံမှာ ပါလာတဲ့ အရိုးအသွား(၂၇)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးနဲ့ ပြန်လည်ခုခံတဲ့အတွက် သေနတ်နဲ့ တစ်ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့အချိန် စစ်ဆေးရာမှာ ပလပ်စတစ်ဗူးခွံအတွင်းထည့်လျက် မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဝါရောင်ဖောက်အမှုန့်ရော (၄)ဂရမ်ခန့် နဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများအား စစ်ဆေးရှာဖွေတွေ့ရှိလို့ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ ဦးလှရွှေအား ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(မြောက်ပိုင်း)မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ တရားစွဲဆိုနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၅ ရက်မှာ ကလေးမြို့နယ်၊ ကျေးရွာတစ်ရွာမှာရှိတဲ့ ကျေးရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဦးစီးတဲ့ အဖွဲ့ဝင်(၅)ဦးမှ မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရေး ဆောင်ရွက်နေစဉ် ကျေးရွာဘက်မောင်းနှင်လာတဲ့ 125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူ ဦးအောင်မာထွေး(ခ)ထွေးထွေးရဲ့ အောက်ခံဘောင်းဘီအတွင်းမှ ပင်နီဆလင်ပုလင်းဖြင့်ထည့်ထားတဲ့ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဝါရောင် ဖောက် အမှုန့်ရောရာ(၁)ဂရမ်ခန့်နဲ့ အတူ ရှာဖွေတွေ့ရှိလို့ တရားမဝင်မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ဦးအောင်မာထွေး(ခ)ထွေးထွေးအား ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(မြောက်ပိုင်း)မှာ မူးယစ် ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ တရားစွဲဆိုနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။