ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေမှာ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေ ၃ ရက်အတွင်း ၁၇ ဦးသေ

ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေမှာ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေ ၃ ရက်အတွင်း ၁၇ ဦးသေ
ဇန်နဝါရီ ၂၅ ၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်(မူတြော်) ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်တွေကို ခြုံခို တိုက်ခိုက်မှု တွေဆက် လက်လုပ်ဆောင်ခဲ့တာမှာ ၃ရက်အတွင်း စစ်ကောင်စီလက်ပါးစေ ၁၇ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

တပ်မဟာ(၅)နယ်မြေမှာ နေ့စဉ်လိုလို ဖြစ်ပွားနေတဲ့ စစ်ရေးသတင်းတွေကို မူတြော်သတင်းစဉ်က ထုတ်ပြန်ခဲ့တာမှာ ဇန်နဝါရီ ၂၀ရက်ကနေ ၂၂ရက်အတွင်း စစ်ကောင်စီတပ်စခန်းတွေ၊ တပ်စွဲထား တဲ့နေရာတွေကို KNU တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၂ရက်မှာ ဖာပွန်ခရိုင်အတွင်းက ဖာပွန်ခရိုင်အနောက်ဘက်ကမ်းဒေသ၊ သစ်တပင်ကုန်း တပ်စခန်း၊ လွယ်မူပလောဒေသ၊ ထီးတကလို ကုန်းဒေသနှင့် ဝါးပလားခို ဒေသ တွေမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်ပါးစေ ၈ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၁ရက် တုန်းကလည်း စစ်ကောင်စီရဲ့ သစ်တပင်ကုန်းတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၀ရက်မှာတော့ သစ်တပင်ကုန်းတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို တစ်ရက်တည်း တစ်ရက်တည်း ၁၁ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်မှာ ဖော်ပြထားပြီး အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်က ၉ဦးသေဆုံးပြီးတော့ ၃ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်မဟာ(၅) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားနယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLAနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာမှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြီး အထိနာလျက်ရှိပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.