ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောကြား
ဇန်နဝါရီ ၂၊ ၂၀၂၂
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ဗဟိုအလုပ်အမှုဆောင်ကော်မတီထံကို အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ KNPP နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့အဆင့်သင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။
“စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ များစွာဝမ်းသာမိပါကြောင်းနဲ့ အမျိုးသားညီ ညွတ်ရေး အစိုးရအနေနဲ့လည်း ပါတီဥက္ကဌ ခူဦးရယ် ဦးဆောင်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ အဆင့်သင့်ရှိပါကြောင်း သတင်းစကားပါလိုပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၃၀ ရက် အထိပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီအစည်းအဝေးကနေ ပါတီဥက္ကဌအဖြစ် ခူဦးရယ်ကို ရွေးချယ်တင်မြှောက်လိုက်တာလည်း ဖြစ် ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ကရင်နီလူမျိုးတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေ၊ နိုင်ငံတကာလူ့ အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း များစွာစိတ်မကောင်းဖြစ်ရ တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါအပြင် ၂၀၂၂ ခုနှစ်၊ နှစ်သစ်အခါသမယကနေပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အောင်မြင်ပါစေ ကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews