ကရင်နီပြည်မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကိုသတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်သွား
ဇန်နဝါရီ ၂၈ ၊ ၂၀၂၂
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသမီးနဲ့ လူငယ်တွေအပါအဝင် ဒေသခံတွေကို အစုလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်သွားတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ နာနတ်တောရပ်ကွဲအစွန်က အိမ်သာကျင်းထဲဟောင်း ထဲမှာ စစ်ကောင်စီသတ်ဖြတ် ထားတဲ့ ဒေသခံ ၆ဦးကို ဇန်နဝါရီ ၂၇ရက်က တွေ့ရှိခဲ့သလို ဒီကနေ့မှာလည်း လွိုင်ကော်မြို့ ပန်ကန်း ရပ်ကွပ်အနီးက ထူဒူငံသ ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ သားအမိနှစ်ဦးရဲ့ရုပ်အလောင်း ကို တွေ့ရှိခဲ့တယ်လို့ နာရေးကူညီမှုအဖွဲ့ကို ကိုးကားပြီး လွိုင်ကော်မြို့ခံက ပြောပြခဲ့တာပါ။
“၆ဦးက ဒေသခံ ကလေးတွေ။ အသက်တောင်မပြည့်ကြသေးဘူးတဲ့။ PDF လည်းမဟုတ်ဘူး ရပ်ကွက်သူ ရပ်ကွက်သားတွေ။နယ်ခံသူငယ်ချင်းတွေကို မေးကြည့်တော့ စကစက လုပ်တာပါပဲတဲ့။ဒီနေ့မနက်မှာ ထူဒူငံသမှာ သားအမိနှစ်ယောက် အဲဒီလိုပဲ မီးရှို့ပြီး သတ်ပြီး ကျင်းထဲပစ်ချလိုက်တယ်တဲ့။ အဲဒီနေရာက လွိုင်ကော်မြို့ပတ်ဝန်းကျင်လေးမှာပဲ။ ပန်ကန်းမရောက်ခင်လေးမှာပဲ။ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ ပြီးမှ ပန်ကန်းဆိုတာရောက်တာ။ ကူညီရေးအဖွဲ့တွေက သူငယ်ချင်းတွေ ပြောပြတာ” ဟု မြို့ကို စွန့်ခွာ ပြီး စစ်ဘေးရှောင်နေရသည့် လွိုင်ကော်မြို့ခံက ပြောပါတယ်။
ကရင်နီဒေသအခြေစိုက် ကန္တာရ၀တီတိုင်း(မ်)သတင်းဌာနရဲ့ဖော်ပြချက်အရ အကြမ်းဖက် စစ်ကောင်စီသတ်ဖြတ်ပြီး အိမ်သာကျင်းထဲကို စွန့်ပစ်ခဲ့တဲ့ ၆ဦးထဲမှာ အသက် ၁၈နှစ်မပြည့်သေးတဲ့ လူငယ် ၄ဦး ပါဝင်တယ်လို့ ဒေသခံတွေနဲ့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို ကိုးကားဖော်ပြထားပါတယ်။
အခုလဆန်းက ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ လွိုင်ကော်မြို့နဲ့ အနီးတ၀ိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် လွိုင်ကော်မြို့ခံအများစုဟာ မြို့ကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရတာပါ။
ဒီလိုတိုက်ခိုက်တာတွေ အပြင် တိုက်ပွဲကာအတွင်း စစ်ကောင်စီတပ်တွေက အရပ်သားပါမရှောင် ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့လို့ လွိုင်ကော်မြို့ခံ ၂၀ ဦးခန့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ပထမ ကြားရတာ ၁၀ယောက်။ အခု အလောင်းတွေတွေ့တာ ၆ယောက် ။ နောက်ပြီးတော့ ဒီနေ့ သားအမိနှစ်ယောက်။ နောက်ပြီး ဒေါဥခူက ဘုရားကျောင်း ရေချိုးခန်းထဲမှာတစ်ယောက်။ အဲဒီလိုပဲ သတ်လိုက်တယ် ရေချိုးခန်းထဲမှာ သွေးတွေတွေ့ပြီးတော့ အမှိုက်ပုံမှာ ပစ်ထားတာတွေ့တယ်တဲ့” ဟု ဒေသခံက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နေရပ်မပြန်ရဲသေးဟုလည်း သူက ပြောပါတယ်။
“ကျွန်တော်တို့ ကြားတာက စစ်ရှောင်တွေကို အိမ်ပြန်လာနေခိုင်းကြတယ်။ ပြန်လာပြန်တော့လည်း တစ် အိမ်တက်ဆင်းလိုက်မေး ရှိရင်လည်း သူတို့ လုပ်ချင်တာလုပ်တယ်။မရှိပြန်တော့လည်း အိမ်တွေကို ဖျက် ပြီး ပစ္စည်းယူတယ်လို့ အဲဒီလိုပြောကြတယ်။ သူတို့က ကားတွေနဲ့ သံတူရွင်းတွေ တူတွေ တစ်ခါ တည်း ပါပြီးသားတဲ့။လူရှိရင် စစ်တယ်မေးတယ်ပေါ့ဗျာ။မရှိရင်တံခါးပေါက်တွေခွာတာပေါ့ဗျာ။ ကျွန် တော်တို့ တော့ကိုယ့်အသက်ထက်ပိုအရေးမကြီးဘူးဆိုတော့မပြန်သေးဘူး။စိတ်ချရမှပြန်မယ်” ဟု လွိုင်ကော်မြို့ ခံက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ကလေးငယ်တွေ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးပြီး ကားပေါ်တင်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီဒေသအဖွဲ့အစည်းတွေက အထောက်အထားများနဲ့တကွ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အခုလအတွင်းမှာ ဖရူဆိုမြို့နယ်က စစ်ရှောင်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးငယ် ၂ဦးနဲ့ သက်ကြီးရွယ်အို ၁ဦး သေဆုံးခဲ့ရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းက ဒေသအသီးသီးမှာအရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ နေအိမ်တွေမီးရှို့တာ ၊ ပြည်သူလူထုရဲ့ ပစ္စည်းတွေ ယူဆောင်တာ၊ ခိုးယူတာတွေလုပ်ဆောင်နေတဲ့အပြင် ပြည်သူလူထုတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။