ကရင်နီပြည်က စစ်ဘေးရှောင်တွေကို စာနာထောက်ထားမှုအကူညီတွေ ဝိုင်းပေးကြဖို့ တောင်ကြီးအခြေစိုက်ကျောင်းသားသမဂ္ဂများ စုပေါင်းပြီး မေတ္တာရပ်ခံ

ကရင်နီပြည်က စစ်ဘေးရှောင်တွေကို စာနာထောက်ထားမှုအကူညီတွေ ဝိုင်းပေးကြဖို့ တောင်ကြီးအခြေစိုက်ကျောင်းသားသမဂ္ဂများ စုပေါင်းပြီး မေတ္တာရပ်ခံ
ဇန်နဝါရီ ၁၁ ၊ ၂၀၂၂

ကရင်နီပြည်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးအသုံးပြု၊ လေယာဉ်ပစ်တွေအသုံးပြုပြီး တိုက်ခိုက်မှုတွေလုပ်နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို စာနာမှုအကူအညီတွေ ဝိုင်းပေးကြဖို့အတွက် တောင်ကြီးဒေသအခြေစိုက် ကျောင်းသားသမဂ္ဂများက အထူးအလေးအနက်ထား မေတ္တာရပ်ခံတောင်းဆိုချက်ကို ဇန်နဝါရီ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီပြည်က စစ်ဘေးရှောင်တွေအနေနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တွေကို တိမ်းရှောင်နေရတာဖြစ်ကြောင်းနဲ့ ယင်းဒေသက ပြည်သူတွေအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေကို စာ နာထောက်ထားတဲ့ သဘောနဲ့ တက်နိုင်စွမ်းသမျှကူညီထောက်ပံ့မှုတွေပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါအပြင် အိမ်ငှားခတန်ဖိုးတွေ၊ အခြေခံစားသောက်ကုန်စျေးနှုန်းတွေကို ပုံမှန်အတိုင်းရောင်းချငှားရမ်းပေးတာနဲ့ သက်သာတဲ့စျေး နှုန်းတွေနဲ့ စီစဉ်ပေးပြီး ဝိုင်းဝန်းလက်တွဲခေါ်ပေးကြဖို့အတွက်လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

ပြည်တွင်းပြည်ပမီဒီယာတွေကိုလည်း ကရင်နီပြည်နယ်က ပြင်းထန်နေတဲ့ တိုက်ပွဲတွေနဲ့ အရေးပေါ်အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်တွေရဲ့ သတင်းဖြစ်စဉ်တွေကို အလေးထားအာရုံစိုက်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အ ကူအညီတွေကို အလျင်မြန်ဆုံး အထူးအလေးအနက်ထားဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတဝန်းက မိဘပြည်သူတွေကလည်း ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီလှူဒါန်းကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါသေးတယ်။

ကရင်နီပြည်ထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ထက်ဝက်ကျော်တဲ့အထိက စစ်ဘေးရှောင်နေကြရပြီးတော့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က လမ်းတွေပိတ်ပြီး စစ်ဘေးရှောင်မယ့်အရပ်ဒေသကို ဝင်ခွင့်မပြုတာ၊ အဓမ္မလှည့်ပြန်စေ တာတွေအပါအဝင် နည်းပေါင်းစုံနဲ့ ဒုက္ခပေးနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ထုတ်ပြန်ချက်ကို တောင်ကြီးဒေသအခြေစိုက် ကျောင်းသားသမဂ္ဂတွေဖြစ်တဲ့ တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ တောင်ကြီးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်(တောင်ကြီး)ကျောင်းသားများသမဂ္ဂ၊ ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး) ကျောင်းသားများသမဂ္ဂ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ၊ တောင်ကြီးသူနာပြု သင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ(ယာယီ)၊ တောင်ကြီးမြို့သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ(ယာယီ)၊ တောင်ကြီးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အ.ထ.က ၁ တောင်ကြီးအခြေခံပညာကျောင်းသားများသမဂ္ဂ၊ အ.ထ.က ၄ တောင်ကြီးအခြေခံပညာကျောင်းသားများသမဂ္ဂ၊ အ.ထ.က ၅ တောင်ကြီး အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အ.ထ.က (ရွှေညောင်) အခြေခံပညာကျောင်းသားများသမဂ္ဂ တွေက စုပေါင်းပြီးတော့ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.